ညီလာခံကို ယခုအထိ အသိအမှတ်မပြုသေးသောသူ သို့မဟုတ် ကို … မိုးဟိန်း –
ကိုမိုးဟိန်းထုတ်ဝေခဲ့သည့် ကြိုးမဲ့လေတံခွန် စာသားများဖြင့် ဖော်ပြရလျှင် “ဒီမှာ … ကိုမိုးသီးဇွန် ငါးပါးသီလ ပေးတတ်ရုံနဲ့ ကျောင်းထိုင်ဘုန်းကြီးတော့ ခင်ဗျားလုပ်လို့ မရနိုင်ပါဘူး” ဆိုသည့်စကားနှင့်ပင် ကိုမိုးဟိန်းကို တုံ့ပြန်ချင်ပါသည် . . .
၂၀၁၃ သြဂုတ် ၃၀ မှ စက်တင်ဘာ ၅ အထိ
အကျုံးဝင်သော သတင်းဂျာနယ် တစ်စောင်တွင် ၂၄နှစ် ရှိပြီဖြစ်သော
““ကြိုးမဲ့လေတံခွန်”” နှင့် ပတ်သက်၍ ဟူသော Opinion ကို ဖတ်ပြီးနောက်
အတွေးစများက ချဉ်းနင်း ၀င်ရောက် လာကြပါသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို
စတင်ဖွဲ့စည်း တည်ထောင်ရာတွင် ရဲဘော် မိုးသီးဇွန်က ဥက္ကဋ္ဌ၊ ရဲဘော်သက်ထွန်းက
ဒုတိယဥက္ကဋ္ဌနှင့် ကိုမိုးဟိန်းက အထွေထွေ အတွင်းရေးမှူး၊ ကိုရဲနိုင်အောင်က
တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် (၁၉၈၈ မှ ၁၉၈၉)အထိ တာဝန်ယူ ခဲ့သည်မှာ
မှန်ပါသည်။
၁၉၈၉ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သော
ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ညီလာခံ
မတိုင်မီတွင် ကိုမိုးဟိန်းနှင့် ကိုရဲနိုင်အောင်တို့ ပြုစု ရေးသားသော
ကြိုးမဲ့ လေတံခွန် စာတမ်း ထွက်ပေါ်လာပါသည်။ ယင်းစာတမ်းပါ အဖြစ်အပျက်
အကြောင်းအရာများမှာ ပါတီတွင်း၊ တိတိကျကျ ဆိုရလျှင် ပါတီ ဗဟိုကော်မတီအတွင်း
လွတ်လပ်စွာ ဆွေးနွေး၍ ညှိနှိုင်း အဖြေရှာရမည့် အရာများ ဖြစ်သည်ဟု
ယခုထက်တိုင် ယုံကြည်ထားဆဲ ဖြစ်ပါသည်။
သို့ရာတွင် ကိုမိုးဟိန်းတို့ဘက်မှ
“ဖွင့်ချဖော်ထုတ် တိုက်ခိုက်ခြင်း” နည်းလမ်းကို အသုံးပြုပြီး “လူထု
လှုံ့ဆော်ရေးလက်နက်” တစ်ခုသဖွယ် ကိုင်စွဲကာ ယင်းစာအုပ်များ အထပ်လိုက်
သင်္ဃန်းကျွန်းမြို့နယ် လူ့ဘောင်သစ်ရုံးသို့ ရောက်ရှိလာသည်မှာ လွန်စွာ
အရုပ်ဆိုး အကျည်းတန် လှပေသည်။ …
ကိုမိုးဟိန်းက သူသည် ထိုအချိန်တွင် အသက် ၂၄
နှစ်သာ ရှိသေးသည်ဟု ဆိုပါသည်။ သို့ဆိုရလျှင် ကျွန်တော်သည်လည်း
မာယာကော့ဗ်စကီး၏ ကဗျာစာသားကို ငှားသုံးရမည်ဆိုပါက ““၂၃ နှစ်သား လူချော
လူလှလေး”” တစ်ဦးပင် ဖြစ်ပါသည်။ ဆိုလိုချင်သည်ကား နိုင်ငံရေးကို
လုပ်ဆောင်ကြရာဝယ် အသက် သိပ်မကွာ၍ အတွေးအခေါ်များမှာလည်း လွန်စွာ ကွာဟကြမည်ဟု
မထင်မြင်ပါ။
ကိုမိုးဟိန်း ရေးသားထားသည့် ““ပါတီကို
ဖြတ်သန်း သယ်ဆောင်လာခဲ့ကြတဲ့ ခေါင်းဆောင် အားလုံး””ဟု ဆိုရာတွင် ၁၉၈၉ ဧပြီလ
ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
ညီလာခံမှ ဆုံးဖြတ်သော ဥက္ကဋ္ဌ ကိုရဲလင်းနိုင် (ခ) ရဲဘော်အောင်ဇေယျ၊ အထွေထွေ
အတွင်းရေးမှူး ကိုသက်ဇော်(ခ) ရဲဘော်ဗဟိန်းအောင် (ယခုစာရေးဆရာ ဇော်သက်ထွေး)
တို့၏ အမည်နာမများ ယခုအချိန်တွင် အဘယ်ကြောင့် ပြုတ်ကျန် နေရပါသနည်း။
ပါတီသည် ၂၅ နှစ်ကြာ ဖြတ်သန်းမှု သမိုင်း
ကြမ်းတမ်းခဲ့သည် ဆိုခြင်းမှာ မှန်ကန်ပါသည်။ ပါတီအား တပ်နှင့်ဝိုင်း၍ ၂၄
နာရီအတွင်း ထွက်ခွာပေးရမည်ဟူသော အမိန့် ပေါ်ထွက်လာချိန်တွင် ပါတီဝင်တို့သည်
တော်လှန်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (သို့မဟုတ်) မျိုးချစ်
ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစု အမည်ခံကာ ဆက်လက် လှုပ်ရှား
ရပ်တည်ခဲ့ရခြင်းကို ကိုမိုးဟိန်း အဘယ်ကြောင့် မေ့ဖျောက် ပစ်ခဲ့ပါသနည်း။
ယင်းမျိုးချစ် ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစုမှ ဦးစီးဦးကိုင် တာဝန်ယူ
ဆောင်ရွက်ခဲ့ကြသော ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့အား အဘယ်ကြောင့်
ချန်လှပ်ခဲ့ရပါသနည်း။
“ကြိုးမဲ့လေတံခွန်” နှင့်ပတ်သက်၍
“မှားယွင်း ချွတ်ချော်မှုအတွက် ဒီကနေ့ ကျွန်တော့်အနေနဲ့ မှားယွင်း
ခဲ့တယ်လို့ ယူဆတယ်။ ဒါကြောင့် ဒီနေရာက တောင်းပန်လိုက်ပါတယ်” စာသားမှာ
မလိုအပ်တော့ပါ။ ၂၄ နှစ် ကြာမြင့်ပြီးမှ မှားယွင်းမှုနှင့်
တောင်းပန်ချက်တို့မှာ အရာထင်တော့မည်ဟု ကျွန်တော် ယုံကြည်မှု မရှိတော့ပါ။
မေ့ပျောက်ပစ်ရန်လည်း အဓိပ္ပာယ်မရှိပါ။ ၀ါးရုံတော ညီလာခံတွင်
စိတ်ဝမ်းကွဲခဲ့ကြရသော ညီအစ်ကို ရဲဘော်များ အတွက်လည်း ကိုမိုးဟိန်း၏ အထက်ပါ
စကားတစ်ခွန်းသည် ပြီးပြည့်စုံ လုံလောက်သည်ဟု ခံယူ၍ မရနိုင်ချေ။ ထို့ကြောင့်
အကြောင်းမထူးသော သမိုင်းဟောင်းကို ပြန်လည် တူးဆွနေခြင်းသာ ဖြစ်ပါလိမ့်မည်။
နောင်တရသည် ဆိုလျှင်လည်း ဤနောင်တမှာ နောက်ကျခဲ့ပေပြီ။ ၂၄ နှစ်ကြာခဲ့ပြီ။
ကျွန်တော်တို့ လေးစားချစ်ခင် မြတ်နိုးသော
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၆ ခုနှစ်ကာလ အတွင်းဝယ် တက္ကသိုလ်သမဂ္ဂ၏
အိုးဝေဂျာနယ် အယ်ဒီတာ ဖြစ်နေလေပြီ။ ထိုအချိန်၌ ဗိုလ်ချုပ်၏ အသက်သည် ၂၁
နှစ်သာ ရှိသေးသည်။ ထို့ကြောင့် ကိုမိုးဟိန်း၏ အသက် ““၂၄ နှစ်ပဲ
ရှိပါသေးသည်။ နိုင်ငံရေး ရင့်ကျက်မှုလည်း အများကြီး အားနည်းနေပါသေးတယ်””
ဟူသော စကားရပ်သည် လုံလောက်သော ဆင်ခြေတစ်ရပ် မဟုတ်ချေ။
ယင်းမှားယွင်းမှုများအတွက် ကိုမိုးဟိန်းသည် မလွဲမသွေ တာဝန်ခံရမည်သာ
ဖြစ်ပေသည်။
ဤဆောင်းပါး၌ အဓိက တင်ပြလိုသော အချက်မှာ
ကိုမိုးဟိန်းသည် ညီလာခံမှ တင်မြှောက်ထားသော ကိုရဲလင်းနိုင် (ခ)
ရဲဘော်အောင်ဇေယျနှင့် အထွေထွေ အတွင်းရေးမှူး ကိုသက်ဇော် (ခ) ရဲဘော်
ဗဟိန်းအောင် (ယခုစာရေးဆရာ ဇော်သက်ထွေး)တို့အား ပစ်ပယ်ခြင်း၊
မဖော်ပြခြင်းသည် ညီလာခံအား အသိအမှတ် မပြုကြောင်း ၀န်ခံရာ ရောက်သည်ဟု
သတ်မှတ်ပါသည်။
ညီလာခံ ဆိုသည်မှာ ပါတီဝင်ထု တစ်ခုလုံး၏
ယုံကြည်ကိုးစားရာ၊ ရင်ဖွင့်ရာ၊ လုပ်ငန်းစဉ် တစ်ခုလုံးကို အသိအမှတ်
ပြုပေးနိုင်ရာ နေရာတစ်ခု ဖြစ်ပါတယ်ဟု ဆိုလျှင် ကိုမိုးဟိန်း ငြင်းမည်
မထင်ပါ။ ညီလာခံတွင် ကိုယ်တိုင် ၀င်အရွေးခံပါလျက် ဥက္ကဋ္ဌနေရာ၊ အထွေထွေ
အတွင်းရေးမှူးနေရာ မရရှိသည့်အတွက် ညီလာခံကို ဆန့်ကျင်ခြင်းသည် ကြီးစွာသော
သစ္စာဖောက်မှု တစ်ရပ်ဟု ခံယူပါသည်။ ညီလာခံ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက
နောက်ဒုတိယအကြိမ် ညီလာခံတွင် မိမိ၏ ရပ်တည်ချက်၊ အဆိုပြုချက်များကို
အများလက်ခံ သဘောကျအောင် ပါတီတွင်း ဒီမိုကရေစီတိုက်ပွဲ ဆင်နွှဲရမည်
ဖြစ်ပါသည်။
ထို့အပြင် တော်လှန်သော လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီ (သို့) မျိုးချစ် ဒီမိုကရက်တစ် လူငယ် တပ်ပေါင်းစုအားလည်း
အသိအမှတ် မပြုခြင်းရာမည်ပေသည်။ ကိုအောင်မိုးဇော်၊ ကိုငွေလင်း၊ ကိုဇေယျတို့
ပါဝင် လာပါလျက် မျိုးချစ် ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစုအား
ဖျောက်ဖျက်ထားခြင်းမှာ သဘာဝမကျဟု ခံယူပါသည်။ ယင်းအချက်သည်လည်း လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီ၏ သမိုင်းကြောင်းကို ဖျောက်ဖျက် ပစ်သည့်အသွင်သဏ္ဌာန်
ပုံပေါ်နေပါသည်။
ကိုမိုးဟိန်း ထုတ်ဝေခဲ့သည့်
ကြိုးမဲ့လေတံခွန်၏ စာသားများဖြင့် ဖော်ပြရလျှင် ““ဒီမှာ …ကိုမိုးသီးဇွန်
ငါးပါး သီလ ပေးတတ်ရုံနဲ့ ကျောင်းထိုင်ဘုန်းကြီးတော့ ခင်ဗျားလုပ်လို့
မရနိုင်ပါဘူး”” ဆိုသည့် စကားနှင့်ပင် ကိုမိုးဟိန်းကို တုံ့ပြန် ချင်ပါသည်။
မိမိဆန္ဒတွေကို အလျှော့အတင်း လုပ်ဖို့၊
သဘောထားကြီးမှု၊ အပြန်အလှန်ရှိဖို့၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အပြန်အလှန်
လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှု စသော စာရွက်တွေ၊ ဂျာနယ်တွေပေါ်မှာ
ရေးထားသော စကားလုံးများဖြင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနာဂတ်ကို
ချုပ်ကိုင်ဖို့၊ ခြယ်လှယ်ဖို့၊ ၀င်ရောက်ဖို့ မစဉ်းစားပါနဲ့ဟုပင်
ပွင့်ပွင့်လင်းလင်း ပြောချင်ပါသည်။
ကိုမိုးဟိန်း … ခင်ဗျားရဲ့ အတွေးအခေါ်တွေသည်
အရမ်းကို နောက်ကျသွားခဲ့ပြီ ဖြစ်ပါသည်။ ညီလာခံကို ယခုအချိန်အထိ အသိအမှတ်
မပြုသော ခင်ဗျားကို ကျွန်တော်တို့လို ပါတီဝင်တွေကလည်း ဘယ်လိုအသိ
အမှတ်ပြုရမလဲ ဆိုတာ ခင်ဗျားသိစေလိုက်ချင်ပါရဲ့ …။
လှထွဋ်စိုး