သူရိယအလင်း ဂျာနယ်တိုက်မှ ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င် လူတစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု ဖြစ်ပွား
-----------------------------------------------------------------------------------------------------
အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော သူရိယအလင်း ဂျာနယ်တိုက်မှ
ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င်
လူအုပ်စု တစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု
ဖြစ်ပွားခဲ့ကြောင်း သူရိယအလင်း သတင်းဂျာနယ် အမှုဆောင် အရာရှိချုပ်
ဦးမိုးဟိန်း၏ ပြောကြားချက်အရ သိရသည်။
ထိုကဲ့သို့ လာရောက်သိမ်းဆည်း ခဲ့ကြသူများထဲတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၊
ဖိုးလပြည့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သည်ဟု ဦးမိုးဟိန်းက
ပြောကြားသည်။
"ည ၁၂ နာရီ ၀န်းကျင်လောက်မှာ ကားခြောက်စီးလောက်နဲ့ ဒီရုံးရှေ့ကို
ရောက်လာတာပေါ့။ လူ ၁၅ ယောက်၊ အယောက် ၂၀ လောက် ရှိမယ်။ ဘယ်သူတွေ ပါလဲဆိုတော့
ဖိုးလပြည့် ပါတယ်ဗျာ။ ပြည်ထောင်စုအဆင့် စီးပွားကူးသန်းဝန်ကြီး
ဦးဝင်းမြင့်ရဲ့သား ကိုသူရိန် ပါတယ်။ နောက်တစ်ခါ ဖိုးလပြည့်ရဲ့ သူငယ်ချင်း
အုပ်စုတွေပေါ့။ သူတို့အားလုံး။ ရောက်လာပြီးတော့ ကျွန်တော်တို့
လက်ကျန်ဂျာနယ် အဲဒါကို လာတောင်းတယ်။ လာတောင်းတော့ ဒီကကလေးတွေက
အရမ်းကြောက်လန့်ပြီးတော့ ပေးလိုက်ရတယ်ပေါ့ဗျာ။ ဘယ်သူတွေ ဘယ်သူတွေဆိုတာ
ပြောပြီးတော့။ အဲဒီလို အချိန်မှာ နောက်တစ်ဆင့်က ဟိုဘက်တံခါးကို
ဖွင့်ခိုင်းတယ်။ ဒီဘက်တံခါးက ပိတ်ထားတော့။ လုံခြုံရေး ဦးခင်အေးက
တံခါးမဖွင့်ပေးဘူး။ ဟိုဘက်က တံခါးတစ်ပေါက် ရှိသေးတာကိုး။ ဟိုဘက်တံခါးက
ဝင်ချလာတယ်။ ဟိုဘက်တံခါးက ကျွန်တော်တို့ဆီက ကလေးကနေပြီးတော့ သိနေတဲ့လူ
ပါနေတဲ့ အခါကျတော့ ဖွင့်ပေးလိုက်တော့၊ တစ်ယောက်ပဲမှတ်ပြီး
ဖွင့်ပေးလိုက်တော့ နောက်ကနေ အုပ်လိုက်ကြီး လိုက်ဆင်းဝင်လာတယ်။ အကုန်လုံး
ဒီထဲကို ၀င်လာကြပြီး ဘာလုပ်လဲဆိုတော့ စီစီတီဗွီကို အရင်အုပ်တယ်။
အမှောင်ချပြီးတော့ အုပ်ပြီးတော့မှ မီးတွေပြန်ဖွင့်ပြီးတော့ ကျန်တဲ့ကောင်တွေ
ကွန်ပျူတာတွေရဲ့ အောက်ကဘောက်စ်တွေ အကုန်ဖြုတ်သွားတယ်။ ကျွန်တော်တို့ ၂၂
လုံးရှိတာ ၁၄ လုံး ပါသွားတယ်" ဟု ဦးမိုးဟိန်းက ပြောကြားသည်။
ဦးမိုးဟိန်း အနေဖြင့် ကွန်ပျူတာများနှင့် ဂျာနယ်လက်ကျန်များ
သိမ်းဆည်းခံရခြင်းကို အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ အချိန်မှ
သိရှိခဲ့ခြင်းဖြစ်ကာ ဂျာနယ်လက်ကျန် ဖြန့်ချိမှု အဆင်ပြေ၊ မပြေ သိရှိလို၍
ဂျာနယ်တိုက်သို့ ဖုန်းဆက်ရာမှ သိရှိရခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်
မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးမိုးဟိန်းက
ပြောကြားသည်။
ယခုကဲ့သို့ ပြုလုပ်ရခြင်း အကြောင်းအရင်းသည် အောက်တိုဘာ ၁၈ ရက်ထုတ်
သူရိယအလင်းဂျာနယ် အတွဲ (၁) အမှတ် (၁၂) ၌ ဖော်ပြခဲ့သော ဆောင်းပါးရှင်
စစ်သူရဲဗလမင်းထင်၏ "လပြည့်ညပြီးရင် လကွယ်ညနဲ့ လမိုက်ည လာစမြဲပဲ၊
မော်စကိုမှာ သာမယ့်လ၊ ရုရှားမယ်စကြ၀ဠာ ပြိုင်ပွဲသို့ စေလွှတ်ရန်
မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ" ဆောင်းပါး၊
ဆောင်းပါးရှင် ထောင်သူရဲဘအုပ်၏ "မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း
တောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ ပေးစာ"
ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။
"မနေ့ကထွက်တဲ့ သူရိယအလင်း ဂျာနယ်ဟာ ပုံမှန်ထွက်ရမှာ မဟုတ်ဘူး။ စနေထွက်မှာ။
ဒါပေမဲ့ ဒီနေ့က သီတင်းကျွ တ်လပြည့်နေ့ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က
စောထုတ်လိုက်တယ်။ အဓိကက ဆောင်းပါးရှင် စစ်သူရဲဗလမင်းထင်က နေပြီးတော့
မောစကိုမှာ သာတဲ့လကို ရေးတယ်။ မယ်စကြ၀ဠာ ပြိုင်ပွဲရယ်၊ ခရိုနီတွေရယ်။
ကားပြိုင်ပွဲတွေရယ်အကြောင်း ရေးတယ်။ နောက်စာရေးဆရာ ထောင်သူရဲဘအုပ်က
မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ် ဆိုပြီးတော့ ၁၉၆၂
ကနေ ဒီနေ့အထိဗျာ။ စစ်အာဏာပိုင် အဆက်ဆက် ၀န်ကြီးအဆက်ဆက်၊ ဗိုလ်ချုပ်အဆက်ဆက်
လူကြီးသားသမီး အားလုံးက လူထုအပေါ်မှာ အနိုင်ကျင့် ဗိုလ်ကျနေတာတွေ၊ ခရိုနီတွေ
အားကိုးနဲ့ပေါ့ဗျာ။ အဲတာတွေကို ကျွန်တော်တို့က ရပ်တန်းကရပ်ဖို့ သတိပေး
နှိုးဆော်တဲ့ဟာ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက
ပြောကြားသည်။
ဂျာနယ်လက်ကျန်နှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင်
ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ပါဝင်ပြီး ဦးယုနိုင်နှင့် ဖိုးလပြည့်တို့မှာ
ဂျာနယ်တိုက် အပြင်တွင် ကျန်နေခဲ့ပြီး ဦးသူရိန်နှင့် နောက်လိုက်များက
ဂျာနယ်တိုက်အတွင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက
ဆက်လက်ပြောကြားသည်။
"ဦးယုနိုင်ပါတယ်။ အထဲကို မ၀င်ဘူး။ အပြင်မှာပဲ။ ဘာလို့ ဦးယုနိုင်
ပါလာသလဲဆိုတော့ကား ဦးယုနိုင်က ကျွန်တော့်သူငယ်ချင်းပါ။ ပါလာတယ်ဆိုတာ
သူ့ကိုခေါ်လာလို့ပဲ။ မလိုက်လာလို့ မရဘူး။ ခေါ်လာလို့ အပြင်ပါလာတယ်။ သူက
အထဲထဲကို မ၀င်ဘူး။ သူ့မှာ တားနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ သာမန်ကုန်သည်
တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သာမန်ကုန်သည် တစ်ယောက်ဆိုတာ အားလုံးကို
ကြောက်နေရတယ်။ သူက အပြင်က ပါလာတယ်။ အထဲတော့ မ၀င်ဘူး။ သူလည်း
ဒီအထဲကိုဝင်ဖို့တွေ တားတော့တားမှာပေါ့ဗျာ။ သို့သော်လည်း တားလို့မရလို့
ဖြစ်မှာပေါ့။ ကျွန်တော်က အဲဒီလို ယူဆတယ်။ ဒီထဲကို ဖိုးလပြည့်တော့ မ၀င်ဘူး။
အပြင်မှာ ကားပေါ်မှာ ကျန်နေတယ်။ အထဲကို ၀င်တဲ့ထဲမှာ ဦးသူရိန်
ခေါင်းဆောင်တဲ့လူ ၁၅ ယောက် ပါတယ်" ဟု ဦးမိုးဟိန်းက ဆိုသည်။
အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ဖိုးလပြည့်နှင့်
ဦးသူရိန်တို့ ပါဝင်ခြင်းကို သက်သေပြနိုင်သူ ငါးဦးခန့် ရှိကြောင်းနှင့်
ဂျာနယ်တိုက်အတွင်း တပ်ဆင်ထားသည့် စီစီတီဗွီမှာ စက္ကူဖြင့် ဖုံးအုပ်ခံခဲ့
ရသည့်အပြင် စီစီတီဗွီ၏ အထိုင်စက်ကိုလည်း ယူဆောင်သွားကြသဖြင့် စီစီတီဗွီ
မှတ်တမ်းမရှိကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။ ထို့အပြင် ယခုဖြစ်စဉ်နှင့်
ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခြင်း လုံးဝမရှိဘဲ ရှေ့နေဖြင့်သာ
တိုင်ပင်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
သူရိယအလင်း ဂျာနယ်တွင် ပြည်ထောင်စု ၀န်ကြီးများနှင့် အငြိမ်းစား
ဗိုလ်ချုပ်ကြီးများ၏ သားသမီး လေးဦးထက်မနည်းက ရှယ်ယာပါဝင်ကြောင်း သူရိယအလင်း
သတင်းဂျာနယ်မှ အမည်မဖော်လိုသူ အယ်ဒီတာ တစ်ဦးက ပြောကြားသော်လည်း
ထိုအချက်ကို ဦးမိုးဟိန်းက ငြင်းဆိုခဲ့သဖြင့် ဂျာနယ်ပိုင်ဆိုင်မှု၏
နောက်ကွယ်ကိစ္စရပ်များမှာ ရှုပ်ထွေးမှုများ ရှိနေကြောင်း သိရသည်။
"ရှယ်ယာနဲ့ ပတ်သက်လို့ဟာက ကျွန်တော်တို့က ကျွန်တော်တို့ဟာ ကျွန်တော်တို့
စုပြီးလုပ်ကြတယ်။ ဒီရှယ်ယာကိစ္စက ရှယ်ယာအများစုက ကျွန်တော်တစ်ယောက်တည်း
ပိုင်တာ။ ၉၀ ရာခိုင်နှုန်းက ကျွန်တော်ပိုင်ပါတယ်။ ကျန်တဲ့ ၁၀
ရာခိုင်နှုန်းလောက်က ရှယ်ယာပေးထားတာ ရှိတယ်။ အဲတာနဲ့ ပတ်သက်လို့ကတော့ ဘာမှ
အထွေအထူး ပြောစရာ မရှိဘူး။ ဒီကိစ္စက ရှယ်ယာပြဿနာ မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက
ဆိုသည်။
ကျန်ရှိသော ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှာလည်း ၎င်း၏ဆွေမျိုး သားချင်းများသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်ဟု ပြောကြားသည်။
သူရိယအလင်း ဂျာနယ်တွင် ထည့်သွင်းဖော်ပြလေ့ရှိသော စစ်သူရဲဗလမင်းထင်၊
ထောင်သူရဲဘအုပ်၊ သတိုးစည်သူ အစရှိသူတို့၏ ဆောင်းပါးများကို ပြင်ပတွင်
သတင်းထွက်ပေါ် နေသကဲ့သို့ ၎င်းတစ်ဦးတည်းက ရွေးချယ်တည်းဖြတ်ခြင်း မဟုတ်ဘဲ
အယ်ဒီတာအဖွဲ့၏ ရွေးချယ်မှုဖြင့်သာ ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု
ဦးမိုးဟိန်းက ပြောကြားသည်။
ဦးမိုးဟိန်းသည် ယခင်က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ အထွေထွေ
အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့်
အမေရိကန် နိုင်ငံသို့ ရောက်ရှိကာ အမေရိကန် ပတ်စ်ပို့ ကိုင်ဆောင်ထားသူ
ဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှုမှာ အချိန်တစ်နှစ်ပင်
မပြည့်သေးကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြန်မရောက်မီ အချိန်ကလည်း
၎င်းသည်ထောက်လှမ်းရေးအဖွဲ့၊ အစိုးရနှင့် နီးစပ်သော စီးပွားရေး
လုပ်ငန်းရှင်များနှင့် နီးစပ်သူဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး
ထိုသတင်းများကိုလည်း ဦးမိုးဟိန်းက မမှန်ကြောင်း ငြင်းဆိုသည်။
သူရိယအလင်း ဂျာနယ်တိုက်တွင် အောက်တိုဘာ ၁၈ ရက်ညက ဖြစ်ပွားခဲ့သော
ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကို (အဆိုပါ
ဂျာနယ်တိုက်မှ လမ်းညွှန်ပေးသည့် ဖုန်းနံပါတ်သို့) ဆက်သွယ်မေးမြန်းသော်လည်း
ဖုန်းမှားနေသည်ဟု တစ်ဖက်မှ ပြန်လည်ဖြေကြား ခဲ့ပါသည်။ ထို့အတူ ဦးသူရိန်ကို
အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
(သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း (ဓာတ်ပုံ - နေထွန်းနိုင်))
Eleven Media Group