Friday, May 2, 2014

“ကျွန်တော်သိသော သူရိယအလင်းက ကိုမိုးဟိန်း”

0 comments
ဒီရက်ပိုင်း လူပြောများလာတဲ့ သူရိယအလင်းဂျာနယ် ကိစ္စမှာ စီအီးအို မိုးဟိန်းလွန်သလား ၊ထုတ်ဝေသူ ဦးယုနိုင်လွန်သလား မေးခွန်းတွေ အမြောက်အများပေါ်ပေါက်လာခဲ့ပါတယ်။တစ်ဖန် ပွဲဆူစေချင်သူများကလည်း မီဒီယာ နှိပ်ကွပ်တာ ဆိုတာရော၊ လူကြိုက်များစကားဖြစ်တဲ့ လူကြီးသား နဲ့ခရိုနီတွေရမ်းကား ဆိုတာတွေပါ သုံးနှုန်းလာခဲ့တယ်။ ဒါကလည်း ကိုမိုးဟိန်း အပြောကလည်း နားလေသူကြီးရဲ့ မြေးတော်လေး ဖိုးလပြည့် ပါတယ်လို့ ပြောခဲ့တာကြောင့် ပိုဖွလို့ ကောင်းခဲ့ တာပေါ့။
ယနေ့ထုတ် သူရိယနေ၀န်း ဂျာနယ်သစ်
ယနေ့ထုတ် သူရိယနေ၀န်း ဂျာနယ်သစ်
တကယ်တော့ သူတို့ဂျာနယ်မှာ အယ်ဒီတာအဖွဲ့နဲ့ ကိုမိုးဟိန်းတို့ မတည့်တာကြာပါပြီ။ဘာလို့လည်းဆိုတော့ မိုးဟိန်းရေးတဲ့ စာတွေက အဆင့်အတန်းမရှိလို့ဖြစ်ပါတယ်။ကျွန်တော်တို့ အခုအင်တာနက်မှာ တစ်ယောက်နဲ့ တစ်ယောက် ပါဆင်နယ်ဆိုင်ရာ တိုက်ခိုက်ဝေဖန်နေသလိုဖြစ်နေပြီး ဂျာနယ်တစ်စောင်အရည်အချင်းနဲ့ ဘယ်လိုမှ မကိုက်ညီတာကြောင့် ဖြစ်ပါတယ်။ရန်ကုန်မီဒီယာလောကမှာလည်း မိုးဟိန်းဆိုတာ လူကြမ်း တစ်ယောက်ပါ။ ဘယ်လိုလူကြမ်းဆိုတော့ ကြောက်ရတဲ့ လူကြမ်းမဟုတ်ပါဘူး။ရွှံလို့ရှောင်ရတဲ့ မိုးဟိန်းလို့ နာမည်ကြီးပါတယ်။ ဘော်ဒါအချင်းချင်းတော့ ခွေးရူးမိုးဟိန်းလို့ လည်းခေါ်ပါတယ်။ အခုနာမည်ကြီးလာတဲ့ စစ်သူရဲဗလမင်းထင် ၊ ထောင်သူရဲဗအုပ် ၊ဆိုတာ ပြင်ပ ဆောင်းပါးဆရာ လို့ဆိုပေမယ့် အဲဒါ မိုးဟိန်း(သို့မဟုတ်) နိုင်ဝင်း ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒါကိုတော့ အထူးအထွေပြောစရာ လိုမယ်မထင်ပါဘူး ။အားလုံးက ကိုမိုးဟိန်းဟာ ၈လေးလုံး အရေးအခင်းကြီးတုန်းက ဗ.က.သ ထဲကနေ လှုပ်ရှားဖူးတယ်။ တကယ်တော့ မိုးဟိန်းဟာ စစ်တက္ကသိုလ် ကို တတ်ခဲ့ဖူးတာ လူသိပ်မသိကြဘူးဗျ။ မှတ်မိသလောက် DSA အပတ်စဉ် ၂၇ ဖြစ်မယ်။ ပထမနှစ်မှာတင် ပင်ပန်းဆင်းရဲလွန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလို့ ပြုတ်လာတယ်။ တကယ်တော့ မိုးဟိန်းက တော်ရုံလူမဟုတ်ဘူးဗျနော်။ ရန်ကုန်သားတွေ သိမှာပါ-ဗိုလ်ဆွန်ပက်လမ်းထဲက “ဂန္တ၀င်ရွှေပုဂံ” (စင်တင်) ဆိုင်ကို မှတ်မိကြမယ် ထင်တယ်။ မြန်မာနိုင်ငံကို ဘီယာဆိုင်မှာ စင်တင်စထည့်ခဲ့တဲ့ မြန်မာ့စင်တင်ဂီတဘီယာဆိုင်ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် လူကြီးပေါ့ဗျာ။ နောက်တော့ နိုင်ငံရေးလုပ်ရင်း ထိုင်းဘက်ကိုပြေးတယ် ။ ထိုင်းမှာ မိုးသီးဇွန်နဲ့ အတူတူနေခဲ့တယ်။ မိုးသီးဇွန် အမေရိကန်ရောက်တော့ သူ့ကို လှမ်းခေါ်တယ်။ဟိုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီးနေခဲ့တယ် -အမေရိကန် နိုင်ငံသား လည်းခံယူထားတယ်။ဟော..နောက်တော့ ဦးသိန်းစိန် အစိုးရခေတ်မှာ ပြည်ဝင်ခွင့် ပေးလိုက်တော့ ပြန်ပါလာတယ် ။နောက်တော့ ဘယ်လိုကနေ ဘယ်နည်းနဲ့ချိတ်မိသွားတယ်မသိဘူး။ဂျာနယ်လောကမှာတွေ့လိုက်ရတယ်။
သူဌေးကြီးတစ်ယောက်က ချိတ်ပေးတယ်လို့တော့ ကိုမိုးသီးတို့ အသိုင်းအ၀ိုင်းကပြောတယ်။ မြန်မာနိုင်ငံ ရောက်ပြီး သူပျောက်နေတာကြာနေတော့ ရုတ်တရက် သူရိယအလင်းမှာတွေ့လိုက်ရတယ်။ ကိုယုနိုင် ရဲ့ဂျာနယ်မှာပါ။ ကိုမိုးဟိန်းမှာ အလာ့ဂျစ်တစ်ခုရှိတယ်ဗျ။အဲဒါက သူ့ထက်သာတယ်ထင်ရင်မနာလိုတဲ့စိတ်။ ဘယ်လောက်တောင် ဆိုးသလဲ ဆိုရင် ရေးစရာမရှိတဲ့အချိန်တောင် ငါတို့ကတော့ အခုဘာစားလို့ ဟိုကောင်တွေကတော့ ဒီအချိန်ဆို ဘာစားနေပြီ..ဆိုပြီး ညည်းပါလေရောဗျာ။ ဘာဆိုင် လို့လည်းဗျာ ဟုတ်တယ်မလား ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဝယ်စားတာပဲ.။ခရိုနီဆိုတွယ်တယ်။ ဒါပေမယ့်သူ့တွယ်တဲ့ ခရိုနီတွေကလည်း အကုန်မဟုတ်ဘူး။သူနဲ့အဆင်ပြေတဲ့ ခရိုနီတို့ ထောက်ပံ့ပေးဖူးတဲ့ခရိုနီဆိုရင် အကောင်းပဲ။လေးစားလွန်းလို့ ထိုင်ရှိခိုးချင်စိတ်ပေါက်အောင်ကိုရေးတာ။သူနဲ့မတည့်တဲ့ ခရိုနီတို့၊ သူကောင်းတယ် ပြောတဲ့ခရိုနီနဲ့မတည့်တဲ့ တခြားခရိုနီတို့ ဆိုရင်တော့ ပိုးစိုးပက်စက်နဲ့အဲဒီလူလောက်မိုက်ရိုင်းတာမရှိဘူးထင်ရအောင် ကိုရေးတာ။ အဲဒီတော့ ပြောတဲ့လူကပြောတယ်။ “ကိုမိုးဟိန်းရယ် ဘယ်သူတော့ဖြင့်ပိုလုပ်တယ်.အဲဒီလူကိုတွယ်ပါလား” ဆိုတော့.. “မင်းသောက်ပူပါလား” လို့ ပြန်ငေါက် ခံရပါတယ်။ မယုံမရှိပါနဲ့..ပြောခံရတဲ့သူ သင်္ဃန်းကျွန်းမှာ ရှိပါတယ်။
အခုဖြစ်တဲ့ ဂျာနယ်တိုက်ဖြစ်တဲ့ကိစ္စ .ဒါလည်း ကိုယုနိုင် မွေးနေ့ညမှာ အားလုံးက ၀ိုင်းပြောတယ်ပေါ့လေ.ကိုယုနိုင် ခင်ဗျားကောင်ကြီးတော့ အရမ်းတွေလုပ်နေပြီ. ခင်ဗျားခေါ်ထားတဲ့ သတင်းသမားလား အတင်းသမားလား စသည်ဖြင့်ပေါ့နော်.။ကိုယုနိုင်ကလည်း အစကတည်းက ဒီရက်ပိုင်းအတွင်း ပိတ်ဖို့စဉ်းစားပြီးသား။ ကိုမိုးဟိန်းကလည်း မိုးစက်ဝိုင် ကို ဖိုးလပြည့် နဲ့ဘာလိုလိုဆိုပြီးရေးခဲ့တာတွေ ခရိုနီတွေကပဲ မိုးစက်ဝိုင်ကိုထောက်ပံ့နေသလိုလို ၊မြင်းခွါတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် တို့နဲ့လည်း သူက တစ်ရက်ကြိုဖြန့်ထားသေးတယ်။ (ရှင်းရှင်းပြောရရင် ဖိုးလပြည့်တို့က သူ့ကိုတစ်ခုခုပြန် လုပ်မှာလည်း ကြောက်နေတယ်) ဖြစ်ချင်တော့ ကိုယုနိင်ကြီးကလည်း အေးကွာ..ဒီကောင်မနက်ဖြန် ဂျာနယ်ဖြန့်မှာ ။ တစ်ခါတည်းသိမ်းမယ်ကွာ ဆိုပြီး မွေးနေ့ပွဲပြီးတော့ တစ်လက်စတည်း ရုံးသွားမယ်ဆိုပြီး ခင်ရာမင်ရာတွေခေါ်လာပြီး ပစ္စည်းတွေလာသိမ်းပေါ့..အဲမှာလည်း စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန်ဝင်းမြင့် ပါသွားတယ်။ အဲဒီမှာတင် ကိုမိုးဟိန်းက သူရိန်ဝင်းမြင့်ပါလာရင် ဖိုးလပြည့်ပါလာပြီဆိုပြီး ထအော်တာ။ သတင်းစာရှင်းလင်းပွဲလုပ်တော့ ညက တာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းတွေထုတ်မပေးဘူး ။စီစီတီဗီကိုအ၀တ်နဲ့ အုပ်တယ်ပြောပြီး အဲဒီအ၀တ်မအုပ်ခင်က မှတ်တမ်းလည်းထုတ်မပေးဘူး။ရှင်းလင်းပွဲမှာဘာပြောတယ်ထင်တုန်းဗျ။ အခု မီဒီယာသမားတွေက အကုန် ဖော်လံဖား တွေတဲ့ ၊သူ့လို ဘယ်သူမှမရေးရဲကြဘူးတဲ့။ အခင်းဖြစ်တာ ရဲတိုင်ပါလားဆိုတော့ ဝေ့လည်ကြောင်ပတ်နဲ့ မဖြေဘူးဗျ။ ကိုင်း..မခက်လား ။
သူနဲ့မတည့်တဲ့ လူတွေကိုသာ တိုက်ခိုက်ရေးသားတတ်တာပါ ။ အရေးခံရသူတွေကို ကြည့်လိုက် အနည်းဆုံးသူနဲ့ သော်လည်းကောင်း..သူကြည်ညိုတဲ့လူတစ်ယောက်ယောက်နဲ့သော်လည်းကောင်း ပုဂ္ဂိုလ်ရေး ငြိဖူးသူတွေပါ။ သူလည်း မက်စင်ဂျာတို့ သံတော်ဆင့်တို့ လို့ နိုင်ငံရေးတစ်ဖက်တည်း တိုက်ခိုက်တတ်တဲ့ ကလောင်သာသာပါ ။ ဟို မက်စင်ဂျာတို့ သံတော်ဆင့်တို့က သူ့ထက်စာရင်တော့ မီဒီယာတန်းဝင်သေးတာပေါ့။ ကိုမိုးဟိန်းရေးတာကလုံးဝကို အဆင့်အတန်းမရှိ၊ ဘောင်မ၀င်တာ။ မီဒီယာဆိုတာ ပြည်သူကြားထုတ်ဝေတဲ့ စာစောင်ဆိုတဲ့ အပေါ်မှာ တင်ရေးစရာမရှိတဲ့ အရေး အသားတွေပါ။အခုတော့ သူရိယအလင်းက သူ့ရဲ့ပုဂ္ဂိုလ် ရေးမုန်းတီးမှူကို ရင်ဖွင့်ပြီး ရေးချတဲ့ဂျာနယ်ဖြစ်သွားတယ် ။ ဒီကိစ္စဟာ တမင်ပွဲဆူအောင် ၊သူနာမည်ကြီးအောင်ထွင်တဲ့ အကွက်ပါပဲ။ ဒါကို ရန်ကုန်မီဒီယာ အသိုင်းအ၀ိုင်းလည်း သိပါတယ်။အခု ကိုယုနိုင်က ပိတ်သွားတော့ သူက သူရိယနေ၀န်းဆိုတာနဲ့ထပ်ထုတ်မယ်တဲ့ ။
သူဌေးမုန်းတီးရေး ၊နိုင်ငံရေးထင်ရှားပုဂ္ဂိုလ်အတွင်းရေးတွေကို နှိုက်ထုတ်ရေးဆိုပြီး ပါဆင်နယ်ဆိုးကွက်တွေကို အပြစ်ကြီးလုပ်တတ်တဲ့ ကိုမိုးဟိန်းရဲ့ နောက် သူရိယနေ၀န်းကလည်း ဟိုတုန်းက ပစ္စည်းမဲ့တော်လှန်ရေးသမားတွေ ရဲ့ အရင်းရှင်ဖြုတ်ချရေး လက်ကမ်း စာစောင်တွေထဲကလို ဘယ်သူဌေးက ဘယ်လို ဘယ်လိုနေထိုင်စားသောက်တာ ဆိုတဲ့ အရေးအသားတွေသာ တွေ့ရပါဥိးမယ်။အင်းပေါ့ဗျာ..မိုးသီးဇွန်ရဲ့တပည့်ပဲ ဒီလောက်တော့ရှိရမပေါ့။ ကျွန်တော်တို့ ခင်ဗျားတို့ကတော့ မြန်မာ့မီဒီယာလောကရဲ့ အဆင့်အတန်းမရှိတဲ့ လူတစ်ယောက်ကို ထိုင်ကြည့်နေရပါဦးမယ်။
ရဲဘော်ချစ်မောင်
Continue reading →

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများ လက်ရှိအစိုးရကို ထိခိုက်စေ

0 comments


သူရိယနေ၀န်းဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့် မညီညွတ်ဘဲ၊ လက်ရှိ အစိုးရကို ထိခိုက်စေသည်ဟုဆိုကာ ညိှနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ဒီဇင်ဘာ ၁၂ ရက်တွင် အကြောင်းကြားလိုက်သည်။


သူရိယနေ၀န်းဂျာနယ်မှ ထွက်ရှိခဲ့သည့် ဂျာနယ်အမှတ်စဉ်အားလုံး၏ အရေးအသားများမှာ စာနယ်ဇင်း ကျင့်ဝတ်များနှင့် ညီညွတ်မှုမရှိဘဲ လက်ရှိအစိုးရအား ထိခိုက်စေသည့် ရေးသားချက်များ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့အပြင် အ၀ါရောင်စာပေ၊ အမုန်းစကားများသာဖြစ်သည်ဟု ဂျာနယ်များနှင့် ပြင်ပလောကတွင် ရေးသားနေကြသည့်အပြင် ဂျာနယ်၌ ရေးသားဖော်ပြချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီညွတ်ဟု ဂျာနယ်၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ ဦးမိုးဟိန်းကိုယ်တိုင် အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်ဟု ဖော်ပြပါရှိသည်။


ယင်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို မဇ္ဈိမမီဒီယာက ညနေ ၆ နာရီခန့်က ဆက်သွယ်မေးမြန်းရာ ကောင်စီသို့ တရားဝင် စာမရောက်ရှိသေးသည့်အပြင် ထုတ်ပြန်ချက်တွင် ကောင်စီသို့ ပို့ခဲ့သည့် ရက်စွဲနှင့် စာအမှတ် မပါရှိဟု ပြန်လည် ဖြေကြားသည်။


"စာနယ်ဇင်းကောင်စီအနေနဲ့မဟုတ်ဘဲ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ကျင့်ဝတ်ဆိုတာ မဖြစ်မနေ လိုက်နာရမှာမျိုး မဟုတ်ပါဘူး မီဒီယာတစ်ခုချင်း၊ တစ်ဦးချင်းရဲ့ သိက္ခာနဲ့ စိတ်ထားပါပဲ"ဟု ပြောသည်။


မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် မီဒီယာလောကတွင် တစ်စုံတစ်ရာအတွက် တွန်းအားပေးခွင့်မရှိဘဲ စေ့စပ်ညှိနှိုင်းမှုသာ ပြုလုပ်ခွင့်ရှိသည်ဟု ဆိုသည်။


သူရိယနေ၀န်း အပတ်စဉ်ဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ(ယာယီ)၊ဂျာနယ်လစ်ကွန်ရက်၊ ဂျာနယ်လစ်သမဂ္ဂ စသည်တို့သည် တစ်နိုင်ငံလုံးအား ကိုယ်စားပြု၊မပြုနှင့် စာနယ်ဇင်းဝါဒ၊ ကျင့်ဝတ်၊ အက်ဥပဒေ၊ အခြေခံမူများကို မည်သူတွေက ရွေးချယ်ထားသနည်းဟု မဇ္ဈိမ၏ မေးမြန်းမှုတစ်ခုတွင် ပြန်လည် မေးခွန်းထုတ်ထားသည်။


ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သူရိယနေ၀န်းဂျာနယ်သည် ထုတ်ဝေရန် လျှောက်ထား စဉ်က လိုက်နာကျင့်သုံးရမည့် စံနှုန်းများကို လိုက်နာရန် လက်မှတ်ရေးထိုးခဲ့သော်လည်း အဆိုပါစံနှုန်း များကို ဖောက်ဖျက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသေးသည်။ မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း သူရိယအလင်းအပတ်စဉ်ထုတ်ဂျာနယ်၏ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီဟု အောက်တိုဘာ ၃၀ ရက် ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး နေရွှေသွေးအောင်နှင့်ပတ်သက်သည့် "မော်စကိုမှာ သာတဲ့လ"ဆောင်းပါးကို သူရိယအလင်းဂျာနယ်တွင် ဖော်ပြပြီးနောက် ထုတ်ဝေသူနှင့် အမှုဆောင်အရာရှိချုပ်တို့ သဘောထား မတိုက်ဆိုင်မှု ဖြစ်ပေါ်ပြီးမှ သူရိယနေ၀န်းဂျာနယ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။


သူရိယအလင်းဂျာနယ်တွင် ရုရှား မယ်စကြာဝဌာပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ သူရိယနေ၀န်းဂျာနယ်တွင် မင်းတို့ခရိုနီတွေ ဘင်္ဂလားပင်လယ်ထဲ ကိုသာ ခုန်ချကြပေတော့၊ ဦးတေဇနှင့် စိန်စီသောညများ စသည့် သတင်းဆောင်းပါးများကို ဖော်ပြခဲ့ဖူး သည်။


ယင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးတေဇက တရားစွဲဆိုရန် စီစဉ်နေသည်ဟု ၄င်း ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီအောင်က နိုဝင်ဘာလအတွင်း၌ မဇ္ဈိမကို ထုတ်ဖော် ပြောဆိုထားသည်။

Continue reading →

--