သူရိယနေဝန်းဂျာနယ် စတင်ထုတ်ဝေ
---------------------------------------------
ရန်ကုန်၊ အောက်တိုဘာ ၂၆
ရှယ်ယာအဖွဲ့ဝင်များအတွင်း သဘောထား ကွဲလွဲမှုများကြောင့် ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ရသော ‘သူရိယအလင်း’ ဂျာနယ်ကို ‘သူရိယနေဝန်း’ ဂျာနယ်အမည်ဖြင့် ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ကြောင်း ၎င်းဂျာနယ်၏ အမှုဆောင်ချုပ်ဖြစ်သူ ဦးမိုးဟိန်းက The Voice သို့ ပြောကြားသည်။
‘ယခင်သူရိယအလင်း’ ဂျာနယ်တွင် အမှုဆောင်ချုပ် ဖြစ်ခဲ့သူ ဦးမိုးဟိန်းက ယခုအသစ် ထွက်ရှိလာသော ‘သူရိယနေဝန်း’ ဂျာနယ်တွင်လည်း အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူထားကာ ယာယီ ထုတ်ဝေသူအဖြစ် ဦးခင်အေးက တာဝန်ယူ ဆောင်ရွက်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ထုတ်ဝေခွင့်လိုင်စင် ရတာတော့ သုံးလလောက် ရှိပါပြီ၊ အခုမှ လုပ်ဖြစ်တာ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ယခုဂျာနယ်တိုက်ကို ယခင် သူရိယအလင်း ထုတ်ဝေစဉ်က အသုံးပြုခဲ့သည့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ရုံးတွင်အခြေစိုက်ကာ ဝန်ထမ်းဦးရေ ၃၀ ဝန်းကျင်ဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဦးမိုးဟိန်းက ဆိုသည်။
‘သူရိယအလင်း’ ဂျာနယ်တွင် လုပ်ကိုင်ခဲ့သော အယ်ဒီတာနှင့် သတင်းထောက်များမှာ ယခုအသစ် ထွက်ရှိလာသော ‘သူရိယနေဝန်း’ အမည်ရှိ ဂျာနယ်တွင်လည်း ဆက်လက်လုပ်ကိုင်ခြင်းမရှိဘဲ နစ်နာကြေး သုံးလစာ တောင်းခံထားကြကြောင်း သူရိယအလင်း ဂျာနယ်တွင် လုပ်ကိုင်ခဲ့သည့် အယ်ဒီတာ အဖွဲ့ဝင်တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
The Voice Weekly